အာခိမိဒိ
ကျွန်တော်တို့ ကျောင်းတွေမှာ သင်္ချာပညာသင်တဲ့အခါ ဂျီသြောမေတြီ ဘာသာရပ်ကို သင်ကြားရင်း ပိုက်သာဂိုရပ် သီအိုရီဆိုတာကို စတင် ရင်းနှီးခွင့်ရပါတယ်။ ဒါပေမယ့် ပိုင်သာဂိုရပ်ဆိုတာ ဘယ်သူမှန်းမသိတာ ကျွန်တော် ၈ တန်းကျော်လောက်အထိပါ။ ဆရာမကိုမေးတော့ ပိုင်သာဂိုရပ်ဆိုတာ ဂရိက သင်္ချာပညာရှင်တဲ့။ သူက ဘယ်လိုလူမျိုးလဲ ဆက်မေးတော့ စာဆက်သင်စရာရှိတာနဲ့ ဒီမှာတင် အဆုံးသတ်သွားပါတယ်။ ကျောင်းတွေမှာက သင်္ချာဆို သင်္ချာတစ်မျိုးဘဲသင်လေတော့ ဘာကြောင့် ဒီလူကြီး ဒီလိုတွေထွင်ရတယ် ဆိုတာကို အရမ်းစိတ်ဝင်စားခဲ့ရပါတယ်။ နောက်ပိုင်း စိတ်ဝင်စားလို့ ဟိုစာအုပ် ဒီစာအလုပ်တွေကို လျှောက်ဖတ် လေ့လာတော့မှ ရာဇ၀င်တွေကို သိရှိလာခဲ့ရတာပါ။ ပိုက်သာဂိုရပ်စ် ကျောင်းတော်အကြောင်း၊ သင်္ချာပညာနဲ့ ဘ၀ရဲ့ ပန်းတိုင်ကို ဆွတ်လှမ်းမယ်လို့ ယူဆခဲ့ကြတဲ အဲ့ဒီခေတ်က လူတွေအကြောင်း၊ အတွေးအခေါ်ကို မည်မျှတန်ဖိုးထားခဲ့ကြတယ်ဆိုတဲ့အကြောင်းတွေကို သိရှိလာခဲ့ရပါတယ်။ သေးလ်စ်၊ ပိုင်သာဂိုးရပ်စ်၊ ဟီရာ ကလီတပ်စ်၊ ပါမင်နီးဒက်စ်၊ ဒီမိုကရီတပ်စ်၊ ဆိုကရေးတီး၊ ပလေတို၊ အဲရစ်တိုတယ် စတဲ့ အတွေးအခေါ်ပညာရှင်တွေ၊ သဘာဝကိုလေ့လာတဲ့ သင်္ချာ၊ သိပ္ပံ ပညာရှင်တွေရဲ့ ဘ၀ပုံရိပ်တွေနဲ့ ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဒီအထဲမှာတော့ ကျွန်တော် အကြိုက်ဆုံး ကျွန်တော့် သူရဲ့ကောင်းကြီး အဖြစ်အမြဲတမ်း အမြင်အာရုံထဲမှာ ပေါ်ပေါ်လာတာကတော့ အာခီမိဒိ ပါ။
သူ့ရဲ့ ထိုအချိန်က အံမခန်းတည်ထွင်မှု့တွေကို အထင်ကြီးလေးစားတာလည်းပါတယ်၊ နောက်တစ်ခု က သူ့ရဲ့ တည်ထွင်မှု့တွေဟာ လက်တွေ့နဲ့ နီးစပ်တာလည်းပါတယ်၊ အရေးအကြီးဆုံးအချက်က သူ့ရဲ့ အသိပညာနဲ့ သူ့နိုင်ငံကို သူတတ်စွမ်းသမျှ ကာကွယ်ခဲ့တာပါ။ အဲ့ဒီအချက်က ကျွန်တော် သူ့အပေါ်ကို အထင်ကြီးလေးစားရတဲ့ အချက်ကလေးပါ။
အာခိမီးဒိကို ခရစ်မပေါ်ခင် ၂၈၇ ဘီစီမှာ ယခု အီတလီနိုင်ငံ၊ ယခင်တုန်းကတော့ အဲ့ဒီဒေသတွေ အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ အချိန်မှာမွေးဖွားခဲ့တာပါ။ သူမွေးဖွားတဲ့အချိန်တုန်းက သူ့ဇာတိဟာ စစ်စလီကျွန်းရဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ဆိုင်ရာကုစ်မှာ မွေးဖွားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ ဆစ်စလီကျွန်းကို မက်ဂ်နာ ဂရာစီယာက သိမ်းပိုက်ထားတဲ့ အချိန်ပါ။ သူ့အဖေဟာ ဖီးဒီးရပ်စ် ဖြစ်ပြီး နက္ခတ်ဗေဒ ပညာရှင်ဖြစ်တယ်လို့ဆိုပေမယ့် သူ့အကြောင်းကတော့ ဘယ်သူမှ မသိကြတော့ပါဘူး။ အဲ့ဒီခေတ်တုန်းက စာရွက်တွေ ကျောက်သင်ပုန်းတွေ မပေါ်သေးတော့ အာခိမီးဒိ ဟာ ဖုန်တွေ၊ သဲတွေ မြေကြီးပေါ်မှာ စတဲ့ ရေးခြစ်လို့ရတဲ့ မျက်နှာပြင်တွေပေါ်မှာ သူ့ရဲ့ ဂီသြမေတြီ ပုံတွေကိုရေးဆွဲပြီးတော့ တစ်နေကုန်စဉ်းစားခန်းဝင်ခဲ့ပါတယ်။ တစ်ခါတစ်လေမှာ သူဟာ စားဖို့ကိုတောင်မေ့နေပြီးတော့ တစ်ခါတစ်ရံ သူ့ကိုယ်ပေါ်မှာလည်း ရေမချိုးခင်အထိ ပုံတွေ ရေးဆွဲတတ်သေးတယ်လို့လည်း ဆိုပါတယ်။
အာခိမီးဒိရဲ့ အထင်ကရ တွေ့ရှိမှု့တစ်ခုက အာခိမီးဒိ ၀ိသေသပါ။ ဒါကို တော်တော်များများလည်း ကြားဖူးကြမှာပါ။ ဘုရင်ဖြစ်သူ ဟီရိုဟာ ကို ရွှေပန်းထိန်ဆရာက ရွှေသရဖူဆက်တော့ ဒီသရဖူထဲမှာ အခြားသော သတ္တုတွေ (ဥပမာ ငွေသတ္တု)များ ပါလေသလားလို့ ဘုရင်မင်းမြတ်က သံသယရှိတော့မူလေတော့ အာခိမီးဒိကို စစ်ဆေးစေပါတယ်။ ဘုရင်မင်းမြတ်ရဲ့ သရဖူဖြစ်နေတော့ အရည်ကျိုပြီး စစ်လို့ကလည်းမရ၊ ချိုးဖဲ့ပြီး စစ်ကြည့်လို့ကလည်းမရနဲ့ အတော်အခက်တွေ့တယ်လို့ ဆိုပါတယ်။ အာခိမိဒိဟာ သရဖူကို အလျှား အနံ အမြင့်တွေ အသုံးပြုပြီး သရဖူရဲ့ ထုထည်ကို ရအောင်တိုင်း ရွှေရဲ့ ထုထည်နဲက အချိုးချကြည့် ဒါဟာလည်း နည်းမှန်လမ်းမှန် မဟုတ်ပြန်ပါဘူး။ ကြံရာမရတဲ့အဆုံး ရေချိုးနေရင်းနဲ့ သူရေကန်ထဲကို ၀င်လိုက်တဲ့ အချိန်မှာ ကန်ကထ ရေတွေ အပြင်ကို လျှံကျသွားရာကနေ သူ့ရဲ့ နာမည်ကျော် အာခိမီးဒိ ၀ိသေသကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အာခိမီးဒိဟာ အဲ့ဒီအချိန်တုန်းက ပျော်လွန်းလို့ “Eureka!” “Eureka!” လို့ အော်ဟစ် ပြီး လမ်းပေါ်ကို အ၀တ်အစားမပါပဲ ထွက်ပြေးခဲ့တယ်အထိ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်။ “Eureka!” ဆိုတာက ဂရိလို “ငါတွေ့ပြီ” လို့ သူ့ရဲ့ အာခိမီးဒိ ၀ိသေသဟာ ကျွန်တော်တို့ သင်္ဘောလောကမှာ အခြေခံတစ်ခုပါ။ ဒါကိုမှ သူမဖော်ထုတ်နိုင်ခဲ့ရင် ဒီသဘောတရားကိုသိဖို့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဘယ်လောက်အထိ စောင့်ဆိုင်းရဦးမယ်မသိပါဘူး။ အာခိမီးဒိ ၀ိသေသကို အသေးစိတ်ဖတ်ချင်ရင်တော့ ကျွန်တော့်ရဲ့ ဟောဒီနောက်ထပ် ဘလော့ဂ်ကို သွားဖတ်ကြပါ။
နောက်ထပ်သူတည်ထွင်ခဲ့တာကတော့ ကုတ် သဘောတရား(Principle of levers) ဖြစ်ပါတယ်။ ဆိုလိုတာက အရာဝတ္တုနှစ်ခုရဲ့လေးချိန်ဟာ အကွာအဝေးပေါ်မူတည်ပြီး တူညီနိုင်တယ်ဆိုတာကို အခြေပြုပါတယ်။ ကျွန်တော်တို့ ယခုခေတ် ကလေးကစားကွင်းမှာ မြင်တွေ့နိုင်တဲ့ စီးဆော သဘောပါ။ ဒါကိုမူတည်ပြီးတော့ Moment တွေကို တွက်ချက်ယူနိုင်ပါတယ်။ ဒါကို အသေးစိတ်ကြည့်ချင်ရင်တော့ ဟော့ဒီမှာ ကြည့်ပါ။ ဒါကို တွေ့ရှိတော့ အာခိမီးဒိက ငါ့ကို နေရာတစ်နေရာသာပေးပါ၊ ကမ္ဘာကြီးကို ရွှေ့ပြနိုင်တယ်လို့ ဟစ်ကြွေးခဲ့ပါတယ်။ ဒါဟာ ကုတ် သဘောတရားအရတော့ ဖြစ်နိုင်ပါတယ်။
ကဲထားပါတော့ အဓိကက သူ့ရဲ့ တွေ့ရှိချက်တွေဟာ သူရဲ့ အင်အားနည်းပါးလှတဲ့ သူ့ကျွန်းကလေးကို ရန်သူတွေဖြစ်တဲ့ ရောမ စစ်သည်တွေရဲ့ တိုက်ခိုက်မှု့ကို ၂ နှစ်ကြာအောင် ရွပ်ရွပ်ချွံချွံ ကာကွယ်ပေးနိုင်ခဲ့တာပါ။ ထိုခေတ်က ဆိုင်ရာကုစ်ရဲ့ သင်္ဘောတွေဟာ ကျန်တဲ့ နိုင်ငံတွေ မတည်ဆောက်နိုင်လောက်အောင်အဲ့ဒီအချိန်က ကြီးမားလွန်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာခိမီးဒိ ရဲ့ ကုတ် သဘောတရားတွေ ကို အသုံးချပြီး တည်ဆောက်တဲ့အတွက် သာမန် လူအင်းအားတွေ မနိုင်တဲ့ ၀န်တွေကို ရွှေ့ပြောင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ နောက်ထပ်တည်ထွင်မှု့ကတော့ “Archimedes Screw” ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဒီနေ့ အသုံးပြုနေတဲ့ ၀က်အူရစ် ရေစုပ်စက်တွေရဲ့ မူလ အခြေခံတစ်ခုလည်း ဖြစ်ပါတယ်။ သင်္ဘောတွေ ကြီးမားစွာတည်ဆောက်နိုင်တဲ့အခါ ထိုခေတ်က သစ်သားတွေကို အသုံးပြုတဲ့အတွက် ရေစိမ့်ဝင်တာတွေရှိခဲ့ပါတယ်။ ဒီလို ရေစိမ့်ဝင်မှု့တွေကို စုပ်ထုတ်ဖို့အတွက် အာခိမီးဒိ က ဒီ ရေစုပ်တဲ့ ပစ္စည်းကို တည်ထွင်ပေးခဲ့တာပါ။
နောက် ရန်သူသင်္ဘောတွေ ချဉ်းကပ်လာတဲ့အခါမှာ အင်အားကြီးမာတဲ့ ပိုမို တိကျ သေချာတဲ့ လောက်လွှဲကြီးတွေကို သူ့ရဲ့ တွေ့ရှိမှု့နဲ့ တည်ဆောက်နိုင်ခဲ့တဲ့အတွက် ကျောက်တုံးကြီးတွေ၊ မီးအိုးကြီးတွေ၊ မြှားတံကြီးတွေကို တရပ်စပ် ပစ်လွှတ်ရင်း အင်းအားကြီးမားလှတဲ့ ရောမ ရန်သူတွေကို အံတုနိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ နောက်ထပ် တီထွင်မှု့ကတော့ “Archimedes’ claw” ဖြစ်ပါတယ်။ ဒီပစ္စည်းကတော့ ယခုခေတ်မြင်နေရတဲ့ ၀န်ချီစက်တွေနဲ့ ဆင်တူပါတယ်။ ဒီ မောင်တံကြီးတွေရဲ့ တစ်ဘက်မှာတော့ အလေးချိန်စီးတဲ့ သတ္တုတွေနှင့် ထိန်းညှိထားပါသတဲ့။ ဒီမောင်းတဲ့ကြီးတွေဟာ ကျွန်းနားက ခံတပ်ကို ကပ်လာတဲ့ သင်္ဘောကြီးတွေဆီကို သွားချိတ်ပြီး သင်္ဘောတွေကို လှုပ်ခါ တိမ်းမှောက် ဖျက်ဆီး ပစ်စေပါသတဲ့။ ဒါကြောင့် ရန်သူတွေဟာ အထိတ်တလန့်နဲ့ ကျွန်းနားကို ကပ်ကို မကပ်ရဲအောင်ကို ဖြစ်ကြရပါတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ အာခိမီးဒိဟာ “Death Ray” လို့ခေါ်တဲ့ သေမင်းတမန် ရောင်ခြည်တန်းကြီးကိုလည်း တီထွင်ပြီးတော့ ရန်သူ့ သင်္ဘောတွေကို မီးရှို့ဖျက်စီးခဲ့ပါတယ်။ အမှန်ကတော့ ဒါဟာ နေရောင်ခြည်ကို အသုံးပြုကာ မြောက်များလှစွာတော့ အလင်းပြန်နိုင်တဲ့ ကြေးမှန်ကြီးတွေကို ပါရာဘိုလာပုံစံ အ၀ိုင်းပတ်အနေအထား တည်ရှိစေပြီး ဆုံမှတ်တစ်ခုထဲသို့ အလင်းပြန်ပေးလိုက်တဲ့အခါမှာ အပူချိန်မြင့်တက်လာပြီး စစ်သင်္ဘောတွေကို မီးလောင်ပြာကျစေတာဖြစ်ပါတယ်။ ထိုခေတ်အခါကတော့ အံသြဖွယ် ကောင်းလောက်တဲ့ သေမင်းတမန် ရောင်ခြည်တန်းကြီးဖြစ်ပါတယ်။ ဒီ သေမင်းတမန် ရောင်ခြည်ကို ၂၀၀၅ ခုနှစ်မှာ MIT တက္ကသိုလ်ကလူတွေ လက်တွေ့စမ်းသပ်တော့လည်း တကယ်ကို အပြင်မှာ မီးလောင်ပြာကျစေတာကို တွေ့ရပါတယ်။
အာခိမီးဒိဟာ ထူးချွန်တဲ့ သင်္ချာပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ပိုင် ရဲ့ တန်ဖိုးဖြစ်တဲ့ 3.1416 ကို အနီးစပ်ဆုံးဖြစ်အောင် တွက်ချက်ပြနိုင်ခဲ့တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ နောက်သူဟာ Quadrature of Parabola စနစ်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး ဒါကို သေမင်းတမန် ရောင်ခြည်တန်းကြီးမှာ အသုံးချခဲ့ပါတယ်။ အာခိမီးဒိဟာ ဘီစီ ၂၁၂ ခုနှစ် ဒုတိယအကြိမ် ပူးနစ် စစ်ပွဲမှာ ရောမစစ်သည်တွေ သူတို့ကျွန်းကလေးကို သိမ်းပိုက်တဲ့ အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ သူ့ကို ရောမစစ်သည်တစ်ယောက်က သတ်လိုက်တယ်လို့ဆိုပါတယ်။ ရောမစစ်သည်တွေ မြို့ထဲကို ၀င်သိမ်းတော့ အာခိမီးဒိကို ရောမဗိုလ်ချုပ်ကြီး မားကပ်စ်နဲ့တွေ့ဖို့ စစ်သားက ခေါ်ဆောင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အာခိမီးဒိက သူဆွဲနေတဲ့ ပုံမပြီးသေးလို့ ခဏစောင့်ပါဦးလို့ ပြောလိုက်တော့ အဆိုပါစစ်သားက အာခိမီးဒိကို သတ်လိုက်တယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်ကြီး မားကပ်စ်ကတော့ အာခိမီးဒိကို သတ်လိုက်တဲ့ အဲ့ဒီစစ်သည်ကို အလွန်ကို စိတ်ဆိုးတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ် မားကပ်စ်ဟာ အာခိမီးဒိကို ထိခိုက်ဒဏ်ရာ မရစေလိုပဲ မြင်ချင်လို့ဖြစ်ပါသတဲ့။ ဂရိသမိုင်းပညာရှင် ဂျွန် တက်ဇီးရဲ့ အဆိုအရတော့ အာခိမီးဒိဟာ အသက် ၇၅နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ သူသေဆုံးတဲ့အချိန်မှာ သူ့ရဲ့ တောင်းဆိုမှု့အရ သူ့ရဲ့ အုတ်ဂူပေါ်မှာ သူတွေ့ရှိခဲ့တဲ့ သက်သေပြချက်တစ်ခုဖြစ်တဲ့ စက်လုံးတစ်ခုရဲ့ ထုထည်ဟာ အဆိုပါစက်လုံးနှင့် အမြင့် ရော အ၀န်းရောတူတဲ့ စလင်ဒါတစ်ခုရဲ့ ထုထည်ရဲ့ ၃ပုံ ၂ပုံ ရှိကြောင်း အထိမ်းအမှတ်အနေနဲ့ စက်လုံးကို စလင်ဒါ ငုံထားတဲ့ အထိမ်းအမှတ်ရုပ်ထုကို ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော် နှစ်သက် သဘောကျတဲ့ ပညာရှင်ကြီးကို ဒါလေးနဲ့ ဂုဏ်ပြုပေးလိုက်ပါရစေခင်ဗျာ။ သင်္ဘောတစ်စီးဟာ လေးလံသော သံကဲ့သို့ သတ္တုနှင့် တည်ဆောက်ထားသော်လည်း ဘာဖြစ်လို့ ရေပေါ်မှာ ပေါ်နိုင်ပါသလဲ? အကြောင်းအရင်းမှာ သင်္ဘောကို အောက်ဘက်သို့ ဆွဲငင်သော မြေထုဆွဲငင်အား (Gravitational force) နှင့် ရေမှ သင်္ဘောကို အပေါ်သို့ ပြန်လည်ပင့်တင်ပေးသော ဖိအား(upward water pressure) ညီညွှတ်မျှတနေမှု့ကြောင့်ဖြစ်သည်။ သို့သော် ထိုအခြေအနေတွင် သင်္ဘော၏၀မ်းသည် ရေလုံနေရန်လိုအပ်သည်။ အကယ် ၍ သင်္ဘော၏ အလေးချိန်သည် ပိုမိုများပြားလာပြီး ရေထုမှ သင်္ဘောကို ပြန်လည် ပင်တင်ပေးနိုင်သော ဖိအားထက် ပိုမိုလာပါက အဆိုပါသင်္ဘောသည် နစ်မြုပ်သွားမည် ဖြစ်သည်။
အဆိုပါ ၀ိသေသမှာ Archimedes’ Law or Archimedes’ Principle ဖြစ်သည်။ အာခိမိဒီ၏ စည်းမျဉ်းဆိုသည်မှာ အရည်တစ်ခု၏ ဖယ်ရှားခြင်းခံရသော(displaced) အလေးချိန်သည် အဆိုပါ ဖယ်ရှားခြင်းခံရသည့် အရည်၏ ထုထည်နှင့် တိုက်ရိုက်အချိုးကျသည်။(အကယ်၍သာ ပတ်ဝန်းကျင်ရှိ အရည်များ၏ သိပ်သည်းဆ တူညီပါက)။
ဆိုလိုသည်မှာ သင်သည် ရေစိမ့်မ၀င်နိုင်သော အလျှား၊ အနံ၊ အမြင့် ၁မီတာစီ ရှိသော ၂တန် လေးသည့် သစ်သားတုံးကို ရေထဲချကြည့်သည်ဆိုပါဆို့။ အဆိုပါသစ်သားတုံးသည် ရေထဲသို့ လုံးဝနစ်မြုတ်နေသည် အခြေအနေကို စဉ်းစားကြည့်ကြပါစို့။ အဆိုပါသစ်သားတုံးကို ကြိုးတစ်ချောင်းနှင့် အပေါ်မှ သင်သည် ထိန်းထားသည်ဆိုပါစို့။ အဆိုပါသစ်သားတုံး၏ ထုထည်သည် ၁ ကုဗ မီတာရှိမည်ဖြစ်သည်။ အဆိုပါထုထည်ကို ရေချို၏ သိပ်သည်းဆ (1 Ton/m3) နှင့် မြှောက်လိုက်ပါက ထိုသစ်သားတုံး၏ Displacement = L x B x D x ρ = 1 Ton ကိုရရှိမည်ဖြစ်သည်။
အဆိုပါ ၁ တန် သည် ရေမှ သစ်သားကို ပြန်လည် ပင့်တင်ပေးထားသောအားဖြစ်ပြီး သင်ဆွဲကိုင်ထားသော ကြိုးမှ တင်းအားသည် ၁ တန်သာ ရှိတော့မည်ဖြစ်သည်။ ၄င်းသည် ရေ၏ ပင့်တင်အား Buoyant force ဖြစ်သည်။ ထိုနည်းတူစွာ ရေမှ သင်္ဘောကို ပြန်လည်ပင့်တင်ပေးသော တွန်းအား (Upward force)၏ ပမာဏသည် သင်္ဘော၏ ရေတွင်နစ်မြုပ်နေသော ထုထည် (Volume) အပေါ်မူတည်သည်။ ထိုပင့်တင်အားကို ဖြစ်ပေါ်စေသော Displacement သည် buoyancy ဖြစ်သည်။ သင်္ဘောတစ်စီး၏ Displacement ကိုများသောအားဖြင့် Metric Tonnes (တစ်ခါတစ်ရံ Long Tonnes) ဖြင့် ဖော်ပြသည်။ အကယ်၍ သင်္ဘောတစ်စီးသည် ၄င်း၏ ရေစူးအထက်တွင် အပို buoyancy မရှိပါက ၄င်းရေစူးထက် အနည်းငယ်ပို ၍ ကုန်တင်လိုက်ပါက ထိုသင်္ဘောနစ်မြုတ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သင်္ဘောများတွင် လုံလောက်သော Buoyance ရှိရန် အလွန်အရေးကြီးသည်။ အဆိုပါ အပိုပါ buoyance ကို ရေစူးအထက်ရှိ သင်္ဘော၏ အင်ဂျင်ခန်း၊ လူနေခန်းများ၊ အခြားသော အခန်းများဖွဲ့စည်းခြင်းဖြင့်ရရှိနိုင်သည်။ သို့သော် အဆိုပါအခန်းများအားလုံးသည် ရေလုံခန်းများဖြစ်ရန်လိုအပ်သကဲ့သို့ ရေလုံတံခါးများ တပ်ဆင်ထားပါကလည်း အဆိုပါ ရေလုံတံခါးများ(Water tight doors)များသည် ကောင်းစွာ အဖွင့်အပိတ်လုပ်နိုင်ရန်၊ ရေလုံရန် အထူးလိုအပ်သည်။









No comments:
Post a Comment